International News

ဂျပန်အပါအဝင် ၄ နိုင်ငံက မြန်မာ့ကော်ဖီအတွက် သွင်းကုန်ခွန်ကင်းလွတ်ခွင့်ပေး

Last Updated:

ဂျပန်၊ တရုတ်၊ ဆော်ဒီအာရေဗျ၊ ယူအေအီးတို့က မြန်မာ့ကော်ဖီတင်သွင်းမှုအတွက် သွင်းကုန်ခွန်‌ကောက်ခံခြင်းအပေါ် သုညရာခိုင်နှုန်းသတ်မှတ်ထားပြီး အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့(MTPO) က ပြောပါတယ်။

“ဒီဈေးကွက်တွေက အနီးဆုံးမှာလည်းရှိတယ်။ ဥရောပအထိ သွားစရာမလိုဘူး။ အာရှတိုက်မှာတင် တိုးချဲ့နိုင်တာဖြစ်တဲ့အတွက် ဒါကို အဓိကထား တွန်းအားပေးပြီး ဆောင်ရွက်မှာဖြစ်ပါတယ်” လို့ MTPO ညွှန်ကြားရေးမှူးက ဆိုပါတယ်။

လက်ရှိမှာ မြန်မာကော်ဖီကို အမေရိကန်၊ ဥရောပနဲ့ အာရှဒေသက နိုင်ငံပေါင်း(၁၄)နိုင်ငံကို တင်ပို့ရောင်းချနေရပြီး ဈေးကွက်သစ်တွေ ထပ်မံရှာဖွေကာ တိုးမြှင့်တင်ပို့ကြစို့ စီးပွား/ ကူးသန်းဝန်ကြီးက တိုက်တွန်းထားပါတယ်။

မြန်မာ့ကော်ဖီကို ပင်လယ်ရေကြောင်းကနေ အမေရိကန်၊ ကနေဒါ၊ အီးယူ၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတို့ကို တင်ပို့နေပြီး နယ်စပ်လမ်းကြောင်းကနေ တရုတ်နဲ့ထိုင်းနိုင်ငံတွေဆီ ရောင်းချနေပါတယ်။

ကော်ဖီစီမံကိန်းအောင်မြင်စေဖို့ မိမိတို့ တာဝန်ယူဆောင်ရွက်ချိန်မှာ ကော်ဖီစိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ အခွန်ဖြေလျှော့မှု ကိစ္စရပ်တွေကို စိစစ်ဆောင်ရွက်ပေးမယ်လို့ နစကခေါင်းဆောင်က ပြောကြားထားပါတယ်။

“GAP လက်မှတ်တွေကို စည်းကမ်းနဲ့အညီ စနစ်တကျ ထုတ်ပေးနေပါတယ်။ အလေ့အကျင့်ကောင်းတွေ ရရှိလာတာနဲ့ ဖြေလျော့မှုတွေ ပြုလုပ်ပေးမှာပါ” လို့ ၎င်းက ကတိပေးပါတယ်။

လက်ရှိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကော်ဖီစိုက်ဧက ၅ သောင်းခန့်ရှိပြီး အထူးတန်းဝင် အမျိုးအစား (ကော်ဖီစေ့)က တစ်တန်ပေါက်ဈေး ကန်ဒေါ်လာ (၇၅၀၀) ခန့်ရှိပြီး ပုံမှန်ဈေးကွက်ဝင်ကော်ဖီအမျိုးအစားက တစ်တန်ကို ကန်ဒေါ်လာ(၃၀၀၀)မှ (၄၅၀၀)ကြား ဈေးရရှိနေပါတယ်။

Category: International News